International News

ဂျပန်အစိုးရအနေဖြင့် ဆိုက်ဘာလုံခြုံရေးမဟာဗျူဟာအသစ်ကို ချမှတ်သွားမည်

Last Updated:

ဂျပန်အစိုးရအဖွဲ့အနေဖြင့် လာမည့် ၅ နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆိုက်ဘာလုံခြုံရေးမဟာဗျူဟာအသစ်ကို ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် အတည် ပြုခဲ့ကြောင်း ၂၃-၁၂-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Japanese government adopts new cybersecurity strategy” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံအစိုးရများမှ ပံ့ပိုးဆောင်ရွက်လျက်ရှိသည့် ဆိုက်ဘာတိုက်ခိုက်မှုများသည် ကြီးမားသည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်း ပညာကို အသုံးပြုလာမည်ဆိုပါက ပိုမိုပြင်းထန်သည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသည့်အချိန်၌ပင် ဆိုက်ဘာအာကာသအတွင်း ဆက်သွယ်ဆောင်ရွက်မှု များကို စောင့်ကြည့်လေ့လာခြင်းဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဆိုက်ဘာကာကွယ်ရေး ဥပဒေတစ်ရပ်ကို ဂျပန်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ အစိုးရဗဟိုပြု ကာကွယ်တားဆီးရေးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာအသစ်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 
ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်များကို မြန်ဆန်တိကျစွာ ဖော်ထုတ်နိုင်ရေး၊ စိစစ်နိုင်ရေးနှင့် ဆန်းစစ်နိုင်ရေးတို့အတွက် ဥပဒေအသစ်ပြဌာန်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားဆိုက်ဘာ လုံခြုံရေးဌာနတွင် ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ရရှိလာသည့် သတင်းအချက်အလက်များ အားလုံးကို စုစည်းသွားမည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရေးနှင့် ဆိုက်ဘာလုံခြုံရေးနှင့်စပ်လျဉ်းသည့် စနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အစိုးရကောင်စီတွင် ပါဝင်သည့် အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းရှင်ကြီးများနှင့် သတင်းအချက်အလက်များ အပြန်အလှန်မျှဝေခြင်းဖြင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ မိတ်ဖက်နိုင်ငံများ၊ သဘောထားတူညီသည့်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့

Category: International News